Sunday, June 2, 2013

လောင်းကစား ဆိုသည်မှာ


                ယခုတလော ကျွန်တော်တို့မြန်မာပြည်တွင်လောင်းကစားမှုများကိုတင်းတင်းကျပ်ကျပ် ဖမ်းဆီးအရေးယူနေသည်မှာ အားရ    စရာဖြစ်ပါသည်။ လူသာဓုခေါ်၊ နတ်သာဓုခေါ်မည့်လုပ်ရပ်ဖြစ်ပါသည်။ မြန်မာပြည်၏လောင်းကစားနယ်ပယ်တွင်ဘောလုံးပွဲနှင့်ချဲထီမှု များကအဓိကဖြစ်ပါသည်။ လောင်းကစားမှုများ ကျယ်ကျယ်ပြန့်ပြန့်ကြီးစိုးနေသော မြန်မာပြည်တွင်တင်းတင်းကျပ်ကျပ်အရေးယူလိုက်သောအခါ အတော်ငြိမ်ကျသွားသည်ကိုလည်းဝမ်းသာစရာတွေ့ရပါသည်။
သို့သော် လုံးဝ ပျောက်ကွယ် သွားသည် မဟုတ်ပါ။ အရင်လို ပေါ်ပေါ်ထင်ထင်မဟုတ်တော့ပဲ ခိုးကြောင်ခိုးဝှက် လောင်းနေသူများ၊ ထိုးနေသူများ၊ ခိုးကြောင်ခိုးဝှက် ဒိုင်ကိုင်နေသူများအများအပြား ရှိနေဆဲဖြစ်ပါသည်။ ဒိုင်ကိုင်ရတာခံတွင်းတွေ့နေတဲ့လူကလည်းဒီအလုပ်ကိုလွယ်လွယ်နဲ့စွန့်ချင်မှာမဟုတ်ပါ။ နည်းမျိုးစုံသုံးပြီးဆက် လုပ်နေသည်ကိုလည်းတွေ့နေရပါသည်။ တချို့ဆိုကိုယ့်နယ်မှာအခြေအနေမကောင်းတော့လို့တခြားနယ်ပြောင်းပြီးဒိုင်ဆက်ကိုင်ကြ သည်ကိုလည်း ထူးထူးခြားခြား တွေ့နေရပါသည်။     လောင်းကစားဆိုသည်မှာနိုင်ငံတိုင်း၊နိုင်ငံတိုင်းတွင်အနည်းအကျဉ်းတော့ရှိတတ်ကြပါသည်။ သို့သော် မြန်မာပြည်လောက် တော့ဘယ်နိုင်ငံမှ အခြေအနေမဆိုးဟုဆိုလျှင် မှားမည်မထင်ပါ။ ဘာမဟုတ်တဲ့ကလေးကတောင်ချဲထိုးရကောင်းမှန်းသိကြပါသည်။ အစိုးရကအာဏာသုံးပြီး လိုက်ဖမ်းနေရုံနှင့်မပြီးဟု ထင်ပါသည်။ ထိုးတဲ့လူကိုယ်တိုင်ကိုကစိတ်ကုန်ပြီးမထိုးတော့မှ၊မလောင်းတော့မှ သာ တဖြည်းဖြည်းနည်းသထက်နည်းသွားမည်ဟု သဘောရပါသည်။ ထို့ကြောင့် လူထုကိုကိုယ့်လုပ်ရပ်အမှားကိုအမှားမှန်းသိလာ အောင်ပညာပေးကြဖို့လိုအပ်မည်ဖြစ်ပါသည်။ ခက်နေတာကအဲဒီလိုပညာပေးလုပ်ငန်းတွေ မြန်မာပြည်မှာ မရှိသလောက်ကို ရှားပါ သည်။
                ဘောပွဲလောင်းရာတွင်ဒိုင်ကသတ်မှတ်ပေးသောကြေးအတိုင်းလောင်းကြရပါသည်။ တကယ်တော့ဒိုင်စားဖို့ပေါက်နေသော ကြေးများသာဖြစ်ပါသည်။ လောင်းတဲ့သူအတွက် မဟုတ်ပါ။ လောင်းတဲ့သူမွဲဖို့သာဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်ကောလိပ်ကျောင်း သားဘဝကဘောလုံးပွဲတွေလောင်းခဲ့ဖူးသည်။ သို့သော် လောင်းရင်းလောင်းရင်း ပေါက်နေတဲ့ကြေးကိုက ကိုယ့်အတွက်မဟုတ်ပဲဒိုင် အတွက်သာဖြစ်ကြောင်း တဖြည်းဖြည်းသိလာသည်။ မယုံလျှင်လောင်းကြည့်ပါ။ မကြာခင် သိလာပါလိမ့်မည်။ ဘောပွဲသွားသွားလောင်းနေတာနုံလွန်းလို့ဆိုတာ ကိုယ့်ကိုယ်ကိုနားလည်လာပါသည်။ အဲဒီတည်းကစပြီး မလောင်းတော့တာ ခုထက်ထိ ဖြစ်ပါသည်။ သေချာ စဉ်းစားကြည့်လျှင် မိုက်လို့သာလောင်းနေကြခြင်းဖြစ်ကြောင်းထင်ရှားပါသည်။ မလောင်းပဲကြည့်ရုံသာ ကြည့်သူကပွဲကကြည့်မကောင်းလျှင် ထပြန်ပြီး အိပ်လို့ရပါသည်။ လောင်းထားတဲ့လူကတော့ထိုသို့မဟုတ်ပါ။ မကောင်းလည်းကြည့်၊ ကောင်းလည်းကြည့်နှင့် ပွဲဆုံး အောင်ကြည့်ကြရသည်။ ကိုယ့်ဒုက္ခကိုယ်ရှာတာလူမိုက်မဟုတ်လို့ဘာလည်းဗျာ။
ဘောလုံးပွဲတစ်ပွဲတွင်ဘယ်အသင်းကနိုင်လိမ့်မည်ဟု ဘယ်ပုဂ္ဂိုလ်ကမှ ကံသေကံမမပြောနိုင်ချေ။ ဘောလုံးဆိုတာလုံးနေသည်ဟု အမြဲတမ်း ပြောလေ့ရှိကြသည်။ ဘောပွဲတစ်ပွဲတွင်ဘယ်အရာမဆိုဖြစ်ပျက်သွားနိုင်သည့်အတွက်ဖြစ်ပါသည်။ဒိုင်လူကြီး၏ဆုံးဖြတ် ချက်ကလည်းအများကြီး စကားပြောသည်။ ဒိုင်ဆုံးဖြတ်သမျှ အားလုံးကလက်ခံကြရခြင်းဖြစ်ပါသည်။ ဘယ်သူမှစောဒကတက်၍မရချေ။ ထို့ကြောင့်အားလုံးက နိုင်မယ်လို့မှန်းထားတဲ့အသင်းကလည်း ရှုံးချင်၊ ရှုံးသွားတတ်တာမျိုးဖြစ်ပါသည်။ ဘယ်လောက်အစဉ်အလာ ကြီးတဲ့အသင်းကြီးပဲဖြစ်ဖြစ်၊ အသင်းသေးသေးလေးကိုမရှုံးပါဘူးလို့ ဘယ်သူမှအာမမခံနိုင်ပေ။ ဘယ်လောက်ဝါရင့်တဲ့နည်းပြပဲဖြစ်ဖြစ်၊ ရှုံးပွဲမကြုံဖူးတဲ့နည်းပြလည်းမရှိပါ။ ဘယ်လောက်ဝါရင့်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ခန့်မှန်းတာအမြဲတမ်းမမှန်နိုင်ပါ။ တခါတလေ ကိုယ်ခန့်မှန်းတဲ့အသင်းက နိုင်ရင်တောင်မှကြေးကြောင့်ရှုံးသွားတာမျိုးပါကြုံရတတ်ပါသေးသည်။ ကိုယ်လောင်းတဲ့အသင်းနိုင်တိုင်းလည်းပိုက်ဆံမရပါ။ ဒိုင်ထွက်ပြေးလို့ ပိုက်ဆံမရတာလည်းရှိတတ်ပါသေးသည်။ လုပ်ပွဲများနှင့်ကြုံလျှင်သာ၍ဆိုးပါတော့သည်။ဘောလုံးဒိုင်ကိုင်လို့ချမ်းသာတယ်ဆိုတာသာရှိချင်ရှိမည်။ လောင်းတဲ့သူကတော့ ဘယ်လိုမှမချမ်းသာနိုင်ပေ။ မွဲမှာကတော့သေချာသလောက်ရှိပါသည်။ ဆယ်ပွဲလောင်းလို့မှတစ်ပွဲနိုင်ရင်ကံ ကောင်းဗျာ။ စလောင်းကတည်းက သေချာတာဘာမှမရှိခြင်းဖြစ်ပါသည်။
                ဒီကြားထဲ ဘယ်အသင်းနိုင်မယ်ဆိုတာသင်္ချာ တွက်တွက်ပြီးလောင်းတဲ့ခပ်ကြောင်ကြောင်သမားတွေကလည်း ရှိနေပြန်ပါသည်။ တစ်ခါကမဂ္ဂဇင်း တစ်စောင်တွင် ဘယ်အသင်း နိုင်မယ်ဆိုတာ ကြိုတွက်တဲ့ ဂဏန်းဗေဒင် တွက်နည်းတစ်ခုကို တွေ့လိုက်ရသည်။ ကန်မယ့်ကွင်းရဲ့နာမည်နေ့နံ၊ ကန်မယ့်အချိန်၊ ကန်မယ့်နေ့၊ ကန်မယ့် အသင်းတွေရဲ့ နေ့နံ စသည်များကို အခြေခံပြီး တွက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် သေသေချာချာ မှတ်ထားပြီး လိုက်တွက်ကြည့်သည်။  ကမ္ဘာကလုံးနေသောကြောင့် ကန်မယ့်နေ့တို့၊ အချိန်တို့ဆိုတာလည်း တိုင်းပြည်တစ်ခုနှင့် တစ်ခု တူတာလည်းမဟုတ်ချေ။ ထို့ကြောင့် ခန့်မှန်းချက်ကလည်း အနိုင်နဲ့ အရှုံး နှစ်မျိုးလုံးထွက်ပါသည်။ ဘယ်အချိန်ကို အတည်ယူရမယ်မှန်းကို မသိချေ။ မြန်မာစံတော်ချိန်ကို အတည်ယူပြီး တွက်တာတောင် ဆယ်ပွဲမှန်းလို့မှ ငါးပွဲ မမှန်ချေ။ မမှန်ဆို၊ ဘောပွဲဆိုတာ (probability case)သာ ဖြစ်ပါသည်။ အတိအကျ ကြိုတွက်ချင်သည်မှာ ညာဏ်မရှိခြင်းကြောင့် ဖြစ်ပါသည်။ ဘောလုံးပွဲနိုင်အောင် သက်သတ်လွတ်စားပြီး အဓိဠာန်ဝင်တဲ့ သူတောင်ရှိသည်။ ထို့ပြင်အာရုံခံပြီး ပြောသည်ဆိုသော ဘုန်းကြီးတွေကလည်းနေရာတိုင်းမှာရှိနေပြန်ပါသည်။
                ချဲတို့၊နှစ်လုံးထီတို့ရောဘာထူးသနည်း။ ဂဏန်းပေးမှန်သည်ဆိုသောဘုန်းကြီးတွေအလွန်ဘုန်းကြီးကြပါသည်။ ထိုင်းနိုင်ငံက ထွက်တဲ့ထီနံပါတ်ရဲ့ နောက်ဆုံးဂဏန်းနှစ်လုံး၊သုံးလုံးကိုယူပြီးကစားနေကြခြင်းဖြစ်ပါသည်။ တကယ်တော့ ထိုဂဏန်းများသည်ကြုံရာကျပန်း(Random) ခေါက်၍ ထွက်ချင်ရာထွက်သော ဂဏန်းများသာဖြစ်ပါသည်။ အံစာတုံးသုံးတုံးကို လက်ပေါ်တင်ပြီးလှိမ့်လိုက်သလို ကျချင်ရာကျသွားခြင်းဖြစ်ပါသည်။ ဂဏန်းထွက်ပုံကိုပြသသော ရုပ်သံလိုင်းများကို ဖွင့်ကြည့်လျှင်အရှင်းကြီးပဲဖြစ်ပါသည်။ကြုံရာကျပန်းထွက်ချင်ရာထွက်တာမဟုတ်လို့ဘာလည်းဗျာ။                တကယ့်ကိုမရေရာမသေချာသော၊စနစ်မရှိသောဖြစ်ရပ်ဖြစ်ပါသည်။ စနစ်မရှိသောဖြစ်ရပ်များကို အတိအကျကြိုတွက်ချင်လို့မရပါ။ မရေရာမသေချာသော ဖြစ်ရပ်များကိုအနီးစပ်ဆုံးခန့်မှန်းတွက်ချက်နိုင်တာ Probability တစ်ခုတည်းသာရှိပါသည်။ အတိအကျကြိုတွက်နိုင်သောသင်္ချာမရှိသေးပါ။ ထွက်ချင်ရာထွက်တာ မဟုတ်ဘူး၊ စနစ်ရှိတယ်၊ကြိုတွက်လို့ရတယ်ဟုခံငြင်းနေသူတွေကလည်းတပြုံ ကြီးရှိနေပြန်ပါသည်။ အမှန်အတိုင်းပြောရလျှင် သူတို့ပြောသလို တွက်လို့ရ နေသည်ကလည်း အမှန်ပင်ဖြစ်ပါသည်။ တစ်ဖက်ကကြည့် လျှင်တွက်လို့မရပါ။ တစ်ဖက်ကကြည့်ပြန်တော့လည်း တွက်လို့ရနေပြန်ပါသည်။ ဆန့်ကျင်ဖက် နှစ်ဖက်စလုံးက မှန်နေသည်မှာအတော် နားလည်ရခက်ပါသည်။ တွက်ထိုးနေတဲ့လူတွေကလည်း တွက်မရပဲနေ့တိုင်း အလကားထိုင်တွက်နေမှာ မဟုတ်ပါ။ စဉ်းစားရခက်လှပါသည်။ အမှန်တော့ထိုဂဏန်းများသည်သူ့ချည်းသက်သက်တော့တွက်မရပါ။ပါဝါတို့၊နက္ခတ်တို့ကိုသုံးမှသာတွက်လို့ရသွားခြင်းဖြစ်ပါသည်။မယုံလျှင်ကြုံရာဂဏန်းတစ်ပေါက်ကိုချရေးပြီးတွက်ကြည့်ပါ။ တွက်ခွင်ဖော်လို့လို့ရရမည်သာဖြစ်ပါသည်။ထွက်လာတဲ့ဂဏန်း တိုင်းလည်းတွက်ခွင်ဖော်လို့ရနေတာပဲဖြစ်ပါသည်။ သို့သော် တော်ရုံတန်ရုံ ထိုအချက်ကိုသတိမထားမိကြပါ။ နှစ်ပေါင်းများစွာ တွက်ထိုးလာတဲ့သူတောင် ထိုအချက်ကိုသတိမထားမိပါ။ သေချာစဉ်းစားကြည့်ကြပါခင်ဗျာ။ အဲဒီပါဝါတွေ၊နက္ခတ်တွေကိုဘယ်သူကများထွင် လိုက်တာလဲဗျာ။ ဘယ်သူမှမသိပါ။ ကျွန်တော်လည်းမသိပါ။ ဘယ်သူကထွင်လိုက်မှန်းလည်းမသိ၊ ဘယ်သင်္ချာကမှ လာတာလည်းမဟုတ်တဲ့ပါဝါတွေ၊ နက္ခတ်တွေကိုသုံးပြီးတွက်သောအခါ တကယ်ကိုတွက်၍ရသွားပါတော့သည်။ ထို့ကြောင့်သုံးလုံးချဲတုန်းကလည်းတွက်လို့ရသည်။ နှစ်လုံးထီပေါ်လာတော့လည်း တွက်လို့ရပြန်သည်။ လေးလုံးထီပေါ်လာလျှင်လည်းတွက်လို့ရနေဦးမည်မှာ ခန့်မှန်းကြည့်လျှင်မြေ ကြီးလက်ခတ်မလွဲ သေချာ သည့်အချက် ဖြစ်ပါသည်။ မြန်မာပြည်က ထွက်တဲ့နှစ်လုံးထီမှာတောင် တွက်လို့ရခဲ့ကြတာ ပြန်စဉ်းစားကြည့်လျှင် မှတ်မိကြဦးမည်ထင်ပါသည်။ ဒီပါဝါတွေ၊ နက္ခတ်တွေကိုသုံးနေသ၍ကတော့ဂဏန်းဘယ်နှလုံးပေါ်လာလာတွက်လို့ရနေဦးမှာဖြစ်ပါသည်။   
ထွက်မယ့်ဂဏန်းကိုကြိုတင်တွက်ချက်လို့ရတယ်၊ ဒီဂဏန်းတွေထွက်နေတာစည်းစနစ်ရှိတယ်ဟုထင်စရာကြီးဖြစ်သွားပါတော့သည်။ လူတွေပြုံပြီး စိတ်ဝင်စားကြသည်။ ထွက်မယ့်ဂဏန်းကို ကြိုတွက်ပြီးထိုးနိုင်ရင် ပိုက်ဆံတွေအများကြီးမပင်ပန်းပဲရမှာ ဟုလောဘတက်စရာဖြစ်လာပါတော့သည်။ များများရ ချင်တော့ ရှိတာအကုန်ပေါင်နှံရောင်းချ၊ ပုံအောပြီးထိုးလေတော့သည်။ များများထိုးလေ၊ များများမွဲလေ၊ များများဘဝပျက်လေသာဖြစ်ပါသည်။ အမှန်က ဒီဂဏန်းတွေ ရဲ့ပင်ကိုသဘာဝကဘယ်လိုမှတွက်၍မရနိုင်ပါ။ထွက်ချင်ရာထွက်နေသည်မှာရိုးရိုးစင်းစင်းကြီးသာဖြစ်ပါသည်။                တွက်ထိုးနေတဲ့သူတွေကိုတစ်ခုလောက်မေးချင်ပါသည်။ အဲဒီပါဝါတွေ၊နက္ခတ်တွေကိုမသုံးတော့ရင်ကောတွက်လို့ရဦးမှာလားဆိုသည့်မေးခွန်းဖြစ်ပါသည်။ ဟိုကထွက်ချင်ရာထွက်နေတာကို၊ ဒီကလူကတွက်လို့ရတယ်အထင်နှင့်တွက်ထိုးနေကြတာအရူးတွေလို ဖြစ်နေပါသည်။ ဘာမှမဆိုင်ပါ။ တချို့ကံပါတဲ့လူများသာ တွက်ထိုးတဲ့ဂဏန်းနှင့်ကြုံရာကျပန်းထွက်လာတဲ့ဂဏန်းတိုက်ဆိုင်လျှင်တော့ ပေါက်သွားပါတော့သည်။ ပေါက်တယ်ဆိုတာကလည်းတိုက်ဆိုင်လွန်း၍သာဖြစ်ပါသည်။ မြန်မာပြည်မှာတစ်နိုင်ငံလုံးဝိုင်းထိုးနေကြတာတစ်ေယာက်မဟုတ်တစ်ေယာက်တော့ပေါက်တော့မှာပေါ့ဗျာ။တွက်ထိုးတဲ့ဂဏန်းတိုက်ဆိုင်၍ပေါက်သွားလေလေ၊တွက်လို့ ရတယ်ဆိုတဲ့အမြင်မှာလည်း ပို၍ခိုင်မာလေ၊ပို၍စိတ်ဝင်စားလေဖြစ်လာပါတော့သည်။ တွက်မရပဲကံတိုက်သက်သက်သာဆိုလျှင်ဘယ်သူမှ စိတ်ဝင်စားမည် မဟုတ်ပါ။ တကယ်တော့တွက်ထိုးနေတဲ့လူတွေကအလှည့်ဖျားခံနေရခြင်းသာဖြစ်ပါသည်။ ကြိုတွက်လို့မရနိုင်တဲ့ ဒီဂဏန်းတွေကို တွက်လို့ရပါတယ်လို့ မထင်ထင်လာအောင်တမင်လှည့်စားထားခြင်းဖြစ်ပါသည်။ ဒီပါဝါတွေ၊နက္ခတ်တွေကိုဘယ် အယုတ်တမာကောင်ကများ ဖန်တီးပြီး လှည့်စားချင်ရသလဲ မသိပါ။ လူပေါင်းများစွာ၊ဘဝပေါင်းများစွာကိုပြိုကွဲပျက်စီးစေတာကတော့အသေအချာဖြစ်ပါသည်။အင်မတန်ယုတ်မာအောက်တန်းကျတဲ့လုပ်ရပ်ဖြစ်ပါသည်။      
တစ်ခါပါဝါမှာလည်းမြန်မာပါဝါနှင့်ထိုင်းပါဝါ၊ နက္ခတ်မှာလည်းမြန်မာနက္ခတ်နှင့်ထိုင်းနက္ခတ်ဟူ၍ကွဲနေပါသေးသည်။ ကွဲတော့ ဘာဖြစ်သလဲဆိုတော့ ဂဏန်းတစ်ပေါက်ကိုတွက်ရတာ ဖြစ်နိုင်ခြေပေါင်းများစွာထွက်လာပါတော့သည်။ ထို့ကြောင့်တွက်ရတယ်ပဲထားဦးတော့။ အခါတစ်ရာထိုးလို့မှ၊ တစ်ခါမပေါက်နိုင်တော့ပါ။ ဘယ်လိုမှပေါက်ဖို့မလွယ်ကူနိုင်တာ အထင်အရှားကြီးဖြစ်ပါသည်။ တွက်ထိုးတဲ့လူတိုင်းသူတို့တွက်ရတဲ့ ဂဏန်းတိုင်းသေချာနေတာပဲ ဖြစ်ပါသည်။ ပြီးတော့လည်းထိုးသမျှကုန်နေကျပဲဖြစ်ပါသည်။ သို့သော်လူတွေကတော့ဘယ်လောက်ပဲမွဲမွဲ၊ ဘယ်လောက်ပဲ ကုန်သွားကုန်သွား တစက်ကလေးမှ စိတ်မပျက်ကြ၊ နောင်တမရကြပါ။ တော်တော် အံ့ဩဖို့ကောင်းပါသည်။ လောင်းကစားသမားတွေကို တကယ်တမ်းသွားပြီး အလှူခံကြည့်လျှင် ဘာမှမရမှာ သေချာပါသည်။ လှူဖို့ကျ တော့မသိကြတော့ပါ။
                ချဲဒိုင်ပိုင်ရှင်တစ်ေယာက်ပြောတဲ့စကားတစ်ခွန်းကိုနားနှင့်ဆတ်ဆတ်ကြားဖူးပါသည်။ ထိုးသားတွေပေါက်အောင် ထိုးနိုင်လို့လျော်လိုက်ရတဲ့ ပိုက်ဆံတွေ ဆိုတာခဏ ထွက်သွားတာတဲ့။ သိပ်မကြာဘူး။ မကြာခင်ဒီ့ထက်မကအကုန်ပြန်ဝင်လာလိမ့်မယ်။မယုံရင် စောင့်ကြည့်ဟုဆိုပါသည်။ နည်းနည်းလောက် အသိတရား ရှိတဲ့လူဆိုရင် ထိုစကားကြားပြီးကတည်းကလောင်းကစားမှုကို တ သက်လုံးစိတ်ပျက်ဖို့ကောင်းပါသည်။
                ချဲထီဂဏန်းများတွင်နောက်ထပ်ထူးခြားမှုတစ်ခုလည်းရှိပါသေးသည်။ ဂဏန်းနှစ်ပေါက်၊သုံးပေါက်လောက်ရှိရုံနှင့်တွက်မရ ခြင်းဖြစ်ပါသည်။ ဂဏန်း အပေါက်ရေ လုံလုံလောက်လောက် ရှိမှသာတွက်လို့ရခြင်းဖြစ်ပါသည်။ ချဲဂဏန်းစပေါ်ပေါ်ချင်း ၁၉၆၀ခုနှစ် လောက်တုန်းက ဘယ်လိုမှတွက်မရနိုင်တာ ထင်ရှား ပါသည်။ တွက်ထိုးတဲ့လူတွေကန်လေ့ရှိတဲ့ဆင်ခြေတစ်ခုလည်းရှိပါသေးသည်။ ထွက်ချင်ရာထွက်တာ ဆိုရင်၅၅၅လိုဂဏန်းမျိုး၊ ၇၈၆လိုဂဏန်းမျိုး ဘာ့ကြောင့်မ ထွက်ရတာလဲတဲ့။ အံစာတုံးတစ်တုံးကို ခေါက်လိုက်လို့ဘာလို့၆မကျတာလဲလို့ မေးရင်ဘယ်လိုဖြေမလဲဗျာ။ သူ့ဘာသာသူကျချင်ရာကျခြင်းဖြစ်ပါသည်။ တိတိကျကျ အဖြေမရှိသည်မှာလည်း စနစ်မရှိသောဖြစ်ရပ်များ၏ နောက်ထပ်ထူးခြားချက်ဖြစ်ပါသည်။ ချဲဂဏန်းကိုသီရိဒုံကထုတ်ပေးတာဟုလည်းပြောကြပါသေးသည်။ တကယ်တမ်းကျတော့ဘယ်သူမှသက်သေပြနိုင်သည်မဟုတ်ပါ။တောရမ်းမယ်ဖွဲ့စကားသာဖြစ်ပါသည်။ထိုင်းမင်းသမီးရဲ့ဂုဏ်သတင်းကလည်းမြန်မာပြည်မှာအသားလွတ်နာမည်ကြီးနေသည်မှာ အံ့ဩစရာကြီးဖြစ်ပါသည်။ ပညာညာဏ်နည်းတဲ့သူများကျတော့ ချဲဂဏန်း ကိုကွန်ပျူတာသုံးပြီးထုတ်တာဟု ပင်ထင်နေသည်မှာ ရယ်စရာဖြစ်နေပါသည်။ ချဲဂဏန်းထုတ်ပေးနိုင်တဲ့ကွန်ပျူတာဆိုတာ ဘယ်တုန်း ကမှမရှိဖူးပေ။
                လောင်းကစားဆိုသည်မှာ ဘိန်းနှင့်အလွန်တူသည်။ လူကိုမယုံနိုင်စရာကောင်းလောက်အောင် စွဲလမ်းစေသည်။ လူတစ် ေယာက်ကို အဖက်ဖက်က ယိုယွင်းပျက်စီးစေသည်။ လောင်းကစားသမား တစ်ေယာက်သည်အလုပ်လုပ်ချင်စိတ်လည်း မရှိတော့ပါ။ ထို့ကြောင့်ကုန်ထုတ်လုပ်မှုကိုလည်း ကျဆင်းစေသည်။ တိုင်းပြည်၏စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည်ဖြင့် အကုန်လုံးကိုထိခိုက်ပါသည်။ ဆင်းရဲချမ်းသာကွာဟမှုကိုလည်းကြီးထွားစေပါသည်။ အနည်းစုဖြစ်သောဒိုင်များကတော့ နင်းကန်ချမ်းသာနေပြီး၊ အများစုဖြစ်သောထိုးသားများကိုတော့နင်းကန်ဆင်းရဲစေသည်။ လူတန်းစားအလွာ အသီးသီးကြားတွင် တဖြည်းဖြည်းအဟပ်ကွာသ ထက်ကွာလာစေပါသည်။ တစ်တိုင်းပြည်လုံးအကြားအလပ်မရှိဖွံ့ဖြိုးဖို့ဆိုတာကလည်းမဖြစ်နိုင်ချေ။ လောင်းကစားကြောင့်နေစရာ၊ စားစရာမရှိအောင်ပင် ဘဝပျက်သွားသူများ၊ ရာဇဝတ်မှုကျူးလွန်မိသူများ၊ သူခိုး၊ ဓားပြ၊ လူလိမ်ဖြစ်သွားသူများမှာတစ်နိုင်ငံလုံး အတိုင်းအတာနှင့်ဖြစ်ပါသည်။ လောင်းကစားကြောင့်ဘဝပျက်ပြီး ကိုယ့်ကိုယ်ကိုသတ်သေသူများတောင်ရှိသည်။ အလွန်ကြေကွဲဖို့ ကောင်းပါသည်။ လောင်းကစားသမားကို လင်တော်နေရတဲ့ ဇနီးမယားတွေ၊ အဖေခေါ်နေရတဲ့သားသမီးတွေရဲ့ဘဝသည်အလွန်သနားစရာကောင်းပါသည်။ တစ်နေ့တစ်နေ့မိုးလင်းလာမှာတောင်ကြောက်နေရတဲ့ဘဝမျိုးတွေ ဖြစ်ပါသည်။
ဆင်းရဲလွန်းလို့အသက်ရှူပေါက်လေးများရမလားလို့လောင်းနေ၊ထိုးနေကြခြင်းဖြစ်ပါသည်။ပို၍ဆင်းရဲလေ၊လောင်းကစားမှုပို၍ထူပြောလေဟုပြောရမလိုတောင်ဖြစ်နေသည်။ဒိုင်ကိုင်လို့လည်းချမ်းသာလိမ့်မယ်လို့ယတိပြတ်ပြောနိုင်တာမျိုးမဟုတ်ပါ။မလျော်နိုင်လို့ထွက်ပြေးရတဲ့ဒိုင်တွေလည်းအများအပြားရှိသည်သာဖြစ်ပါသည်။လောင်းကစားနဲ့ကြီးပွားတယ်ဆိုတာမကောင်းမှုနဲ့တော်တော်ကံပါလို့သာဖြစ်ပါသည်။ ဘယ်လောင်းကစားပဲဖြစ်ဖြစ် ဘာသာရေးရှုထောင့်က ကြည့်လျှင် လည်း အပြစ်ရှိသည်သာ ဖြစ်ပါသည်။ တကယ် တော့ စစ်မှန်သောကြီးပွားချမ်းသာမှုဟူသည် ဖြတ်လမ်းကရရိုးထုံးစံမရှိပါ။ လောင်းကစားကို ဇောက်ချလုပ်၍ ကြီးပွားလာသော     တိုင်းပြည်ဟူ၍လည်းဘယ်တုန်းကမှမကြားဖူးပါ။
                လောင်းကစားမှုများသည်ကျွန်တော်တို့နိုင်ငံကိုများစွာနစ်နာစေပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ကြီးစွာသော အတားအဆီး လည်းဖြစ်ပါသည်။ နိုင်ငံတော်၏ဥပဓိ၊ အစိုးရ၏ဂုဏ်သိက္ခာကိုလည်း များစွာထိခိုက်စေပါသည်။ မြန်မာပြည်၏လူတစ်ဦးကျတစ်နေ့ ပျမ်းမျှဝင်ငွေသည် နှစ်ဒေါ်လာသာသာလောက်ပဲ ရှိသည်ဟုသိရသည်။ တစ်နှစ်ကိုဒေါ်လာ၈၀၀ဟု သမ္မတကြီးက ဆိုသည်။  ဒါက ဓာတ်ငွေ့ရောင်း လို့ရတဲ့ ပိုက်ဆံကို အဓိကထားပြီး တွက်ထားခြင်း ဖြစ်ပါသည်။ တကယ့်လက်တွေ့မှာ အဲဒီလောက်မရှိတာ သေချာပါသည်။ မြန်မာပြည်မှာ တစ်နေ့ကို တစ်ထောင်တန်တစ်ရွက် ရဖို့တောင် မလွယ်တဲ့ ဆိုက်ကားသမားများ ပေါလွန်းလှပါသည်။ တစ်နေ့ တစ်ဒေါ်လာလောက်နဲ့ အသက်ရှင်နေရတဲ့ အလုပ်သမများ အများကြီးရှိသည်။ လူဦးရေ၏ ၂၆% တောင် ဆင်းရဲလွန်းနေခြင်း ဖြစ်ပါသည်။ အိန္ဒိယကကုလားတစ်ေယာက်ရဲ့ ပျမ်းမျှဝင်ငွေ တောင်မြန်မာထက်များစွာပိုသည်။ ဒါတောင်သူတို့ခမျာ  အတော်ညည်းနေရှာသည်။ ဤမျှဆင်းရဲသော မြန်မာပြည်ကို လောင်းကစားက နှိပ်စက်လိုက်သောအခါ ဆင်းရဲတွင်းက ဘယ်လိုမှတက်ဖို့ မလွယ်နိုင်တော့ပေ။ ထိုင်းနိုင်ငံတွင် ထီဖွင့်ချိန်ရောက်လျှင် လူတွေရဲ့အလုပ်လုပ်သောနှုန်းကျသွားသောကြောင့် နှစ်စဉ်ဒေါ်လာသန်း ထောင်ချီနစ်နာ နေရသည်ဟု ဖတ်ဖူးပါသည်။ ထိုင်းလိုချမ်းသာ ပြီးသားနိုင်ငံတောင် ဤမျှနစ်နာလျှင် မြန်မာပြည်လို ဆင်းရဲတွင်းက    လွတ်အောင် မနည်းရုန်းနေရသော နိုင်ငံဆိုလျှင် တော့ဆိုဖွယ်ရာမရှိတော့ပါ။ နဂိုဆင်းရဲပြီးသား လူထုကိုပို၍ ဆင်းရဲတွင်းနက်စေပါသည်။
                ကျွန်တော်တို့တိုင်းပြည်တွင် ဖွံ့ဖြိုးရေးစီမံကိန်းပေါင်းများစွာကိုလည်း ကြားဖူးပါသည်။ သို့သော်မြန်မာပြည်၏ ကျေးလက် ဒေသများသည် ဘာမှလည်းတိုးတက်ပြောင်းလဲမသွားချေ။ ကျေးလက်ဒေသများ မဖွံ့ဖြိုးသ၍ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာ ဖြစ်ပါသည်။ လောင်းကစားမှုများက အစိုးရ၏ဖွံ့ဖြိုးရေးစီမံကိန်းများကိုလည်း မထိ ရောက်အောင် တားထားသလို ဖြစ်နေပါသည်။ ရှာရသမျှချဲထိုးပစ်နေကြတာ ကျေးလက်ဒေသများတွင် အဆိုးဆုံးဖြစ်ပါသည်။ မြန်မာပြည်ရဲ့ဆင်းရဲမွဲတေမှုကျဆင်းတဲ့နှုန်းကလည်း တစ်နှစ်ကို တစ်ရာခိုင်နှုန်းသာကျဆင်းသည်။ LDC မှ တကယ့်ကို LDC ဖြစ်ပါသည်။ ဤမျှနည်းရသည်မှာ လောင်းကစားမှုများက အကြောင်းများစွာထဲကမှ အကြောင်းတစ်ချက်ဖြစ်ပါသည်။ ၂၀၁၅ခုနှစ်ရောက်လျှင် မြန်မာပြည်ရဲ့ဆင်းရဲမှုနှုန်းကို ၁၆%ထိရောက် အောင် လျှော့ချမည်ဟုလည်း ကြားရပါသည်။ ထိုရည်မှန်းချက် ပြည့်မီဖို့ဆိုလျှင် လောင်းကစားမှုများကို ယခုထက်ပို၍ ထိထိ ရောက်ရောက်နှင့် တစိုက်မတ်မတ် ဖြေရှင်းဖို့လိုမည် ဖြစ်ပါသည်။ ထိုသို့မှ မဖြေရှင်းဘူးဆိုလျှင် ထိုရည်မှန်းချက် ပြည့်လိမ့်မည်ဟု ကျွန်တော်တော့ မထင်ပါ။
ထို့ကြောင့်လောင်းကစားဆိုသည်ကိုပေါ့ပေါ့တန်တန်သဘောထားပြီးလွှတ်ထား၍မရသည်မှာထင်ရှားပါသည်။လောင်းကစားမှုများကိုတိုက်ဖျက်ရာတွင်ရေရှည်သဘောဆောင်ဖို့လည်းလိုပါသည်။ခဏတဖြုတ်သာအရေးယူပြပြီးအကြာကြီးပြန်ပြီးလျှစ်လျှုရှု ထားပြန်လျှင်လည်း ပြန်၍ခေါင်းထောင်လာမည်သာဖြစ်ပါသည်။ မြန်မာအာဏာပိုင်များ၏ အဓိက အားနည်းချက်လည်း ဖြစ်ပါသည်။ မြန်မာ့ရဲများ၏ အကျင့်သိက္ခာပိုင်းကိုလည်း ယုံရခက်ခက်ကြီး ဖြစ်နေသည်။ သူတို့ကဓားပြထက်တောင် ပိုလို့ဆိုးသေးသည်။ ဆက်ကြေးဆန်ဆန် လိုင်းကြေးဆိုပြီး ကောက်ကြသည်။ လိုင်းကြေးပေးထားတာတောင် မဖမ်းပါဘူးလို့ အာမမခံချေ။ မြန်မာ့ရဲများ ဒုစရိုက်မှုပေါင်းစုံကို မသမာသူများနှင့် ပူးပေါင်း၍ လုပ်နေသည်မှာ တိုင်းသိပြည်သိ ဖြစ်ပါသည်။ လောင်းကစားနဲ့ ရဲဆိုတာ နည်းနည်းမှကောင်းကျိုးမပေးပါ။ နည်းနည်းမှကောင်းကျိုး မပေးသောလောင်းကစားမှု မှန်သမျှကိုအမြန်ဆုံးစွန့်ပစ်ပြီး ရဲနဲ့ ခပ်ကင်းကင်း နေတာသာ တိုင်းပြည်ကို ချစ်ရာရောက်ကြောင်းအကြံပြုရေးသားလိုက်ရပါသည်။               
               
                                                                                                                                                                                                                                                                                                     ကျော်ကြီး(ပုသိမ်)